Monday 26 September 2011

ရွှေဝါရောင်တော်လှန်ရေးနေ့ ၄နှစ် ပြည့် ဆန္ဒပြပွဲအခမ်းအနားနှင့် ဧရာဝတီမြစ်ဆုံဆည် အမြန်ဆုံးဖျက်သိမ်းရေး တောင်းဆိုဆန္ဒပြပွဲ အခမ်းအနားကျင်းပ


အင်္ဂလန်နိုင်ငံ၊ လန်ဒန် မြို့ အခြေစိုက် Burma Democratic Concern( BDC ) အဖွဲ့ကြီးမှ ကြီးမှူး၍ ရွှေဝါရောင်တော်လှန်ရေးနေ့ ၄နှစ် ပြည့် ဆန္ဒပြပွဲအခမ်းအနားနှင့် ဧရာဝတီမြစ်ဆုံဆည် အမြန်ဆုံးဖျက်သိမ်းရေး တောင်းဆိုဆန္ဒပြပွဲ အခမ်းအနား နှစ်ရပ်ပေါင်းကို မနေ့က အင်္ဂလန်နိုင်ငံ၊ လန်ဒန် မြို့ရှိ မြန်မာသံရုံးရှေ့နှင့် တရုတ်နိုင်ငံသံရုံးရှေ့တို့တွင် တစ်နေ့ထဲ ခြိမ့်ခြိမ့်သဲသဲ အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါသည်။

ပထမဦးစွာ မြန်မာပြည် သမိုင်း၌ စစ်အာဏာရှင်တို့၏ အဆိုးသွမ်းဆုံး၊ ကမ်းကုန်အောင် မိုက်ရိုင်း၊ ရက်စက်ခဲ့ကြသော၊မည်သည့်အခါမှ မေ့ရက်နိုင်စရာမရှိသော ရွှေဝါရောင်တော်လှန်ရေးနေ့ ၄နှစ် ပြည့် အထိမ်းအမှတ် ဆန္ဒပြပွဲ အခမ်းအနားကို ၂၆ရက်နေ့၊ စက်တင်ဘာလ၊ ၂၀၁၁ ၌ နေ့လည် ၁နာရီမှ ၂နာရီ တွင် လန်ဒန် မြို့ရှိ မြန်မာသံရုံးရှေ့၌ ကျင်းပပြုလုပ်ခဲ့ရာ အင်္ဂလန်နိုင်ငံရောက် မြန်မာလူမျိုး၃၀၀ခန့် စည်းလုံးညီညွတ်စွာဖြင့် ဆန္ဒပြပွဲကို တစ်ခဲနက် အားပေးတက်ရောက်ခဲ့ကြပါသည်။


ထိုဆန္ဒပြပွဲအခမ်းအနား၌ ရွှေဝါရောင်တော်လှန်ရေးကြီးတွင် ကျဆုံးသွားသော အာဇာနည် အပြစ်မဲ့ ရဟန်းရှင်၊ လူ၊ ကျောင်းသားများအား ဦးညွတ်အလေးပြုခြင်း၊ မေတ္တာပို့အမျှပေးဝေခြင်း၊ တက်ရောက်လာသောအဖွဲ့အစည်းအသီးသီးမှ အမှာစကားများပြောကြားခြင်း၊ ကြွေးကြော်သံများဟစ်ကြွေးခြင်း၊ တော်လှန်ရေးသီချင်းများအားဟစ်ကြွေးသီဆိုခြင်းများကို စိတ်အားတက်ကြွဖွယ် စည်းလုံးညီညွတ်စွာဖြင့် ဆန္ဒပြ ပြုလုပ်ခဲ့ကြပါသည်။ အမှာစကားများပြောကြားရာတွင် Burma Democratic Concern( BDC ) ၏ ညွန်ကြားရေးမူး ဦးမျိုးသိမ်းမှ ရွှေဝါရောင်တော်လှန်ရေးနေ့သမိုင်းနှင့် ယနေ့ခေတ်တော်လှန်ရေးတွင် ပြည်တွင်း၊ ပြည်ပမြန်မာလူမျိုးအားလုံး၌ တာဝန်ရှိပုံကို ကျိုးကြောင်းများစွာဖြင့် စိတ်ဓာတ်ခွန်အားတက်ဖွယ် ပြောကြားသွားခဲ့ပါသည်။


ဆန္ဒပြပွဲလာ လူပရိတ်သတ်ကြီးသည် ဆက်လက်၍ ဧရာဝတီမြစ်ဆုံဆည် အမြန်ဆုံးဖျက်သိမ်းရေး တောင်းဆိုဆန္ဒပြပွဲ အခမ်းအနားကို ချီတက်သွားရာ နေ့လည် ၃နာရီ၌ လန်ဒန် မြို့ရှိတရုတ်နိုင်ငံသံရုံးရှေ့တွင် တောင်းဆိုဆန္ဒပြပွဲကို ဆက်လက်ပြုလုပ်ခဲ့ကြပါသည်။ ထို တောင်းဆိုဆန္ဒပြပွဲတွင် အင်္ဂလန်နိုင်ငံရောက် မြန်မာလူမျိုးက တရုတ်နိုင်ငံ၏ မြန်မာပြည်သူ၊ ပြည်သားတို့အတွက် ဒုက္ခရောက်စေမည့် ဧရာဝတီမြစ်ဆုံဆည်တည်ဆောက်ခြင်းကို အပြင်းအထန် ဆန့်ကျင်ကန့်ကွက်၊ရှူပ်ချလိုက်ပါသည်။ အမှာစကားများပြောကြားရာတွင် KNO UK ခေါင်းဆောင်တစ်ဦးဖြစ်သော ကိုခရစ်စတိုဖာရင်းတုမှ ဧရာဝတီမြစ်ဆုံဆည်တည်ဆောက်ခြင်းကို ကချင်တိုင်းရင်းသားများကမည်သည့်အခါကမှ သဘောမတူခဲ့ကြောင်း၊ ဧရာဝတီမြစ်ဆုံဆည်တည်ဆောက်ခြင်း၏ ဆိုးကျိုးများ၊ သဘာဝဂေဟစနစ်များပျက်ယွင်းနိုင်ပုံ၊ ဒေသခံ ကချင်တိုင်းရင်းသားများ၏ ယဉ်ကျေးမူသမိုင်းအမွေအနှစ်များ ပျက်စီးဆုံးရှုံးသွားနိင်ပုံများကို ပြည့်ပြည့်စုံစုံ ရှင်းလင်းပြောကြားသွားခဲ့ပါသည်။ ။



ကဲကဲလေး
၂၇ရက်၊ စက်တင်ဘာလ၊ ၂၀၁၁

No comments:

Post a Comment